Tuesday, June 21, 2011

တစ်ဖက်သတ်အမြင်များလျော့ပြီး နှစ်ဖက်စလုံးအတွက် တွေးပေးကြပါ

အမေရိကန်သံရုံး၊ သံရုံးယာယီတာဝန်ခံ Larry M.Dinger မှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရေးသား ထားသည့် Burma: A View from Rangoon ဆောင်းပါးကို ဖတ်လိုက်ရပါသည်။ သူ့အမြင်တွင် မြန်မာအစိုးရလုပ်သမျှ မကောင်းကြောင်း တစ်ဖက်သတ်မြင်နေပါသည်။ အမေရိကန်သံရုံးက ထိုကဲ့သို့သဘောထားလာသည်မှာ နှစ်ပေါင်း ၂ဝ ကျော်လာခဲ့ပြီဖြစ်ပါသည်။ မြန်မာအစိုးရလုပ်သမျှ အကောင်းမမြင်ခြင်းကို နှစ်ပေါင်းများစွာ လက်ခံကျင့်သုံး နေကြပါသည်။ ဤသို့ဆိုလျှင် အစိုးရမကောင်းကြောင်းသတင်းများကို မည်သည့်နေရာမှရနေပါသလဲဟု မေးချင် ပါသည်။ အစိုးရကထုတ်ပြန်သည့် သတင်းများမှရခြင်းမဟုတ်သည်မှာ သေချာပါသည်။ ပြည်ပြေးများ၊ ပြည်တွင်းမှ အစိုးရဆန့်ကျင်သူများ၊ NLD ပါတီဝင်များမှ ပေးသည့်သတင်းကိုသာ မှန်ကန်သည်ဟု မျက်စိမှိတ်ယုံနေကြပါသည်။ဤသို့လုပ်ဆောင်ခြင်းသည် မှန်ကန်မျှတမှုရှိ/မရှိ မေးချင်ပါသည်။ လက်ခုပ်သည် တစ်ဖက်တည်းတီးလျှင် မမြည်ဘဲ နှစ်ဖက်စလုံးတီးမှ မြည်ပါသည်။ တစ်ဖက်တည်းက ပြောသည့်စကားကိုသာ မှန်သည်ဟုထင်လျှင် မြန်မာအရေးမှာ ပါဝင်ဖြေရှင်းပေးရန်အတွက် အမှန်တရားကိုရှာတွေ့မှာမဟုတ်ဟုထင်ပါသည်။ ပါဝင်ပတ်သက်နေသော အစုအဖွဲ့များ အားလုံး၏ ယုံကြည်ချက်၊ ထင်မြင်ချက်များကို ယထာဘူတကျကျ လေ့လာပြီးမှ ပြောဆိုကြခြင်းသည် အမှန်တရားနှင့် အနီးစပ်ဆုံးကို ရရှိပါလိမ့်မည်။
တပ်မတော်မှ ယနေ့အချိန်ထိ မြန်မာနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းများကို ဆန်းစစ်တင်ပြလို ပါသည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးချိန်မှာ ပြည်တွင်းသောင်းကျန်းမှုက ဒွန်တွဲပါလာခဲ့ပြီး ရန်ကုန်အစိုးရ ခေါ်ရလောက်သည်အထိ သောင်းကျန်းသူအဖွဲ့စုံက နိုင်ငံတစ်ဝန်းလုံး ထကြွသောင်းကျန်းခဲ့တာကို သမိုင်းမှာထင်ထင် ရှားရှားတွေ့ခဲ့ရပါသည်။ ဤသို့ တစ်နိုင်ငံလုံးမှာ စစ်မီးများတောက်လောင်ခဲ့ခြင်းကို ယနေ့အနေအထားရောက်သည် အထိ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်ခဲ့သည်မှာ ယနေ့တပ်မတော်ပင်ဖြစ်ပါသည်။ ဤကဲ့သို့ နိုင်ငံတော် အေးချမ်းတည်ငြိမ်စေရန် တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးများစွာ စွန့်လွှတ်ရင်းနှီးခဲ့ကြ ရပါသည်။ ထိုသို့လုပ်ခြင်းသည် စားဝတ်နေရေးအတွက် လုပ်ခဲ့ကြခြင်းဖြစ်သည်ဟု စွပ်စွဲနိုင်ပါသည်။ မည်သူမှ အသက်အသေခံသည်အထိ ကိုယ်ကျိုးစွန့်ပြီး စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်ပါ။ နိုင်ငံကိုချစ်၍၊ နိုင်ငံကို ကာကွယ်ရန်၊ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ရန် စသည့် နိုင်ငံချစ်စိတ်ဖြင့် လုပ်နေကြခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် ပြည်သူလူထုကြားမှ ပေါက်ဖွားခဲ့ပါသည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်ပါဝင်ခဲ့သော အခန်းကဏ္ဍသည် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါသည်။ ဒို့တာဝန်အရေး ၃ ပါး ဆိုသည်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ ဖြစ်ပါသည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို လုပ်နေသည်ဟုသာ ပြောရပါမည်။ ထို့ကြောင့် လည်း နိုင်ငံတော်၏အာဏာကို ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်ကို အထင်အရှားမြင်ရပါမည်။ အစကတည်းက ပုံသေသတ်မှတ်ထားသည့် ဘောင်အတွင်း ထဲကဘဲ ကြည့်နေမည်ဆိုပါက တိုးတက်ပြောင်းလဲမှုကို မြင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တစ်ဖက်သတ် တရားသေစဉ်းစားမနေဘဲ မြန်မာပြည်၏ ပကတိအနေအထားကို ယထာဘူတကျကျစဉ်းစားပြီး မြန်မာနိုင်ငံအစိုးရကို ဆက်ဆံကြည့်ဖို့ ပြောချင်ပါသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ဒီမိုကရေစီနိုင်ငံများဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီကို လက်ခံကျင့်သုံးပုံနှင့် အစိုးရအဖွဲ့ပုံသဏ္ဌာန်တို့သည် ကွဲပြားခြားနားကြပါသည်။ ဒီမိုကရေစီကို ကျင့်သုံးခြင်းမှာ တူညီသော်လည်း အစိုးရပုံသဏ္ဌာန်များ၊ စီမံခန့်ခွဲမှုများကို မိမိနိုင်ငံ၏ အနေအထားနှင့်ကိုက်ညီအောင် ကျင့်သုံးကြ ပါသည်။ အမေရိကန်မှာ သမ္မတစနစ်ကျင့်သုံးသော်လည်း ဗြိတိန်မှာ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးခြင်းမျိုးကို ဆိုလိုပါသည်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသည်လည်း မိမိတိုင်းပြည်နဲ့ကိုက်ညီ သည့် ဒီမိုကရေစီကို ကျင့်သုံးနေပါသည်။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော်လည်း ပြည်သူများအားလုံး ချမ်းသာကြသည် မဟုတ်ကြောင်းကို အိန္ဒိယနိုင်ငံက သက်သေပြနေပါသည်။ အိန္ဒိယနိုင်ငံသားအများစုသည် တစ်နေ့ဝင်ငွေ ၂ ဒေါ်လာအောက်သာ ရကြပါသည်။ နိုင်ငံတိုင်း၏လိုအင်ဆန္ဒမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း တပ်မတော်အစိုးရမှ လူမှုဘဝမြှင့်တင်ရေး အခြေခံအဆောက်အအုံ များကို အခြေခံကျကျတည်ဆောက်ခဲ့ပါသည်။ ယခုလည်း ဒီမိုကရေစီအစိုးရက ပြည်သူများ၏ လူမှုဘဝတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ တစ်ချိန်တည်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပေါ်ထွန်းရန် ဆောင်ရွက်နေပါသည်။
အမေရိကန်မှာ သမ္မတများသည် မဲဆွယ်သည့်အချိန်တွင် ပြည်သူလူထုကို ကတိတွေအများကြီးပေးခဲ့ကြ ပါသည်။ သမ္မတဖြစ်သည်နှင့် ပေးထားသောကတိများကို ချက်ချင်းအကောင်အထည်ဖော်နိုင်ခြင်းမရှိပါ။ အချိန် အတိုင်းအတာတစ်ခုအထိ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရသည်ကိုတွေ့ရပါသည်။ ထိုသို့ဆိုပါက အမေရိကန်နဲ့ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခြေလှမ်းကို စောင့်ကြိုသင့်ပါသည်။ တစ်ဖြည်းဖြည်းချင်း တိုးတက်ဖြစ်ထွန်းလာရန် ကူညီပံ့ပိုးကြမည်ဆိုလျှင် ခရီးပိုရောက်မည်ဟု ပြောချင်ပါသည်။ မြန်မာနိုင်ငံရေးမှာ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းထားပါသည်။ NLD ကိုလည်း လွှတ်တော်မှာပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါသည်။ နိုင်ငံ၏ အရေးကိစ္စများကို နိုင်ငံရေးအရ ဖြေရှင်းကြမည် ဆိုလျှင် လွှတ်တော်ထဲမှာ ဆွေးနွေးကြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဒီမိုကရေစီနည်းလမ်းနှင့်လည်း ကိုက်ညီပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသော စည်းမျဉ်း၊ စည်းကမ်းအောက်မှာ နိုင်ငံ့အကျိုးကို ပါတီစွဲမဖက်ဘဲ ဆွေးနွေးကြခြင်းသည်သာ နိုင်ငံအကျိုးလိုလားသည့် စစ်မှန်သောဆွေးနွေးမှုဖြစ်မည်ဟု ယုံကြည်ပါသည်။
တပ်မတော်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့သည် ငြိမ်းချမ်းရေး ရယူထားခဲ့ပြီးဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်တိုင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှုမှာ ပါဝင်ခဲ့ပါသည်။ အစိုးရဘက်ကလည်း လက်နက်ကိုင်တိုက်ခိုက်နေသော သောင်းကျန်းသူများကို လက်နက်နှင့်ငြိမ်းချမ်းရေးလဲရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပြီးဖြစ်ပါသည်။ သူတို့သည်လည်း လက်နက်ကိုင် တိုက်ခိုက် ခြင်းကို စွန့်လွှတ်ပြီး ပြည်သူများကရွေးချယ်တင်မြှောက်သည့် လွှတ်တော်မှာ ပါဝင်လာမည်ဆိုလျှင် ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို ဝင်ရောက်လုပ်ဆောင်နိုင်ကြပါမည်။ မြန်မာပြည်မှာ လူ့အခွင့်အရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးအတွက် အာမခံချက်ရှိပြီးသားဖြစ်ပါသည်ဟု ပြောချင်ပါသည်။
မြန်မာပြည်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူခဲ့မှုသည် နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာပြည်သူလူထုသည် ပိတ်ဆို့အရေးယူမှုဒဏ်ကို ဆယ်စုနှစ် ၂ စုတိုင် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါသည်။ ပိတ်ဆို့အရေးယူမှုသည် အစိုးရကိုသာထိခိုက်ပြီး ပြည်သူများကိုမထိခိုက်ကြောင်း ပြောဆိုနေကြသူများ ရှိပါသည်။အမှန်တစ်ကယ်အခြေအနေသည် အစိုးရနှင့် ပြည်သူအားလုံးကို ထိခိုက်နစ်နာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မှ ပိတ်ဆို့ဒဏ်ခတ်ပေးရန် တောင်းဆိုခဲ့ကြပါသည်။ သူတို့၏တောင်းဆိုချက်ကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြပါသည်။ NLD အာဏာရဖို့ ပြည်သူလူထုအားလုံးက စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခါးစည်းခံကြရပါသည်။ ပိတ်ဆို့ဒဏ်ခတ်ခြင်းသည် ပြည်သူများကို အဆိုးရွားဆုံး ခံရသည့်အတွက် အစိုးရမှာတာဝန်မရှိဘဲ နှစ်ပေါင်းများစွာပိတ်ဆို့ဖို့ ပြည်ပအားကိုးနေသည့် NLD တွင် ပိုပြီး တာဝန်ရှိပါသည်။ ''လူသားချင်းစာနာထောက်ထားဖို့လိုသည်၊ လူ့အခွင့်အရေးကို လေးစားဖို့လိုသည်''ဟု တဖွဖွ ပြောနေပြီး မြန်မာပြည်သူများ၏ ဒုက္ခကို လျစ်လျူရှုကာ နှစ်ပေါင်းများစွာဒုက္ခရောက်အောင် တိုက်ရိုက်ဘဲလုပ်လုပ်၊ သွယ်ဝိုက်ဘဲလုပ်လုပ် အကြီးမားဆုံး လူ့အခွင့်အရေးချိုးဖောက်ရာရောက်သည်ဟု ပြောချင်ပါသည်။
မြန်မာနိုင်ငံအရေးကိစ္စများကို ပါဝင်ဖြေရှင်းပေးချင်သည်ဆိုပါက တစ်ဖက်သတ်အစိုးရဆန့်ကျင်သူများ၏ စကားသာလက်မခံဘဲ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကိုသိအောင် ဦးစွာကြိုးစားဖို့ အကြံပေးလိုပါသည်။ ကျွန်တော်တို့သည် အမေရိကန်ကို မုန်းတီးခြင်း၊ အစိုးရဆန့်ကျင်သူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများကို မုန်းတီးမှုမရှိကြောင်း ခိုင်ခိုင်မာမာပြောကြားလိုပါသည်။ ကျွန်တော်တို့၏ မိသားစုအတွင်းမှ စိတ်ထားချင်းမတိုက်ဆိုင် သဖြင့် စိတ်ဆိုးနေသည့် သားချင်းများဟု ယုံကြည်ပါသည်။ တစ်ချိန်ချိန်မှာ အစိုးရ၏စေတနာကို နားလည်လာကြမည် ဆိုလျှင် မိသားစုတွေအားလုံး စည်းလုံးညီညွတ်စွာနှင့် နိုင်ငံဖွံ့ဖြိုးဖို့ လုပ်ဆောင်နိုင်ကြပါမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူသော မူဘောင်ထဲမှ ဒီမိုကရေစီလမ်းကြောင်းကိုသွားနိုင်ဖို့ ကူညီကြပါဟု ပြောချင်ပါသည်။ မှန်ကန်စွာဆွေးနွေးကြရန်နှင့် မှန်မှန်ကန်ကန်ဆက်ဆံကြရန် တောင်းဆိုလိုက်ပါသည်။
မျိုးခင်

Sunday, December 5, 2010

''ကမ္ဘာ့မဟာတွေးခေါ်ပညာရှင်ပီသနိုင်ပါစေ'' (ဦးဗဟုသုတ)

၂ဝ၁ဝပြည့်နှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ည ဗွီအိုအေ(မြန်မာပိုင်းအစီအစဉ်)က အောက်မှာဖော်ပြတဲ့ သတင်း ကြေညာသွားတာ ကြားလိုက်ရပါတယ်။
''အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖောရိန်းပေါ်လစီမဂ္ဂဇင်းလို့ခေါ်တဲ့နိုင်ငံခြားရေးရာမူဝါဒမဂ္ဂဇင်းမှာ ၂ဝ၁ဝခုနှစ် ကမ္ဘာ့မဟာတွေးခေါ်ပညာရှင် အယောက်(၁ဝဝ)စာရင်းထွက်လာပါတယ်။ အဲ့ဒီအထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်လည်းပါဝင်ပါတယ်။ အဲ့ဒီကမ္ဘာ့မဟာတွေးခေါ်ပညာရှင်များ (၁ဝဝ)အနက်မှာ ကမ္ဘာ့သန်းကြွယ် သူဋ္ဌေးကြီးတွေလည်းပါဝင်ပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၇၅)မှာစာရင်းဝင်ပါတယ်။ သမ္မတအိုဘားမားက အဆင့်(၃)နေရာမှာ ရှိပါတယ်။''
ဖြည့်စွက်ပြီးပြောရရင်တော့ နာမည်ကြီး Warren Buffett နဲ့ Bill Gates က နံပါတ်(၁)၊ စီးပွားရေး ခန့်မှန်းပညာရှင် Nouriel Roubini က နံပါတ်(၁၂)၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel က နံပါတ်(၁ဝ)၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Shiv Shankar က နံပါတ်(၁၈)၊ Time နဲ့ News Week မဂ္ဂဇင်းက အယ်ဒီတာ Fareed Zakaria က နံပါတ်(၂၇) (သူကတော့နာမည်ကျော် The Future of Freedom နဲ့ The Post American World စတဲ့ စာအုပ်တွေရေးသားသူပါ)၊ စင်ကာပူအမျိုးသားတက္ကသိုလ် လီကွမ်ယူ လူထုရေးရာ ပေါ်လစီကျောင်းကကျောင်းအုပ် ပရော်ဖက်ဆာ Kishore Mahbubani (သူက စင်ကာပူရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးဟောင်းနဲ့ နာမည်ကျော် The New Asian Hemisphere စာအုပ်နဲ့ စာအုပ်စာတမ်းများစွာ ရေးသားခဲ့သူပါ ) က နံပါတ်(၉၂)တဲ့၊ ဒိတ်ဒိတ်ကြဲတွေချည်းဘဲ၊ အလကား နေရင်းတော့ ဒိတ်ဒိတ်ကြဲတာမဟုတ်ဘဲ၊ ကမ္ဘာကြီးရဲ့ ကောင်းရာကောင်းကျိုးအတွက် သူမတူတဲ့တွေးခေါ် မြော်မြင်ကြိုးစား အားထုတ်ဆောင်ရွက်မှုကြောင့် ဒိတ်ဒိတ်ကြဲ ရတာမဟုတ်လား။ ဒီသတင်းတွေကိုတော့ www.foreignpolicy.com ဝက်ဘ်ဆိုက်ကနေရရှိတာပါ။ အချို့လောက်ကိုဘဲ ကောက်နုတ်တင်ပြတာပါ။
အဲဒီဒိတ်ဒိတ်ကြဲစာရင်းထဲမှာ မမစုရဲ့အမည်ကို ကြားရ၊ တွေ့ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်။ တစ်ခြားဘွဲ့တွေအသာထား၊ နိုဘယ်ဆုနဲ့ ကမ္ဘာ့မဟာတွေးခေါ်ပညာရှင်ဆိုတဲ့ဘွဲ့ကတော့ ခေတ်စကားနဲ့ ပြောရရင် ''လန်း''တယ်လို့ မောင်လေးယုံကြည်ကြောင်းပါ။
ဘွဲ့များရှင်မမစုကို မောင်လေးဦးဗဟုသုတက ရိုးသားစွာချစ်သောစိတ်နဲ့ နည်းနည်းပြောပါရစေ။
ကမ္ဘာ့မဟာတွေးခေါ်ပညာရှင်လို့ သတ်မှတ်ခံပြီးရရင်တော့ အဲဒီသတ်မှတ်ခံရမှုကို လေးစား ဂုဏ်ယူသောအားဖြင့် အဲဒီဘွဲ့နဲ့ထိုက်တန်အောင် ကျင့်ကြံနေထိုင်အားထုတ်ပြီး ကမ္ဘာကြီးရဲ့ ကောင်းရာကောင်းကျိုးအတွက် တွေးခေါ်မြော်မြင်ဆောင်ကြဉ်းရမှာပါ။ ဆိုးရာဆိုးကြောင်း ဆောင်ရွက်ဖို့ မဟုတ်ပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးအတွက် မဟုတ်တောင် ပြည်ထောင်စုမြန်မာနိုင်ငံသားတွေ အတွက် ကောင်းကျိုးကိုတော့ အနည်းဆုံး တွေးခေါ်မြော်မြင်ဆောင်ကြဉ်းပေးရမှာကို မမစုသတိမလွတ်စေချင်ပါ ဘူး။ ကောင်းမှုသယ်ပိုးပြီး ကောင်းကျိုးတွေနဲ့ ကောင်းသည်ထက်ကောင်းအောင် စိတ်ကူးကြံဆတီထွင် ဖန်တီးပြီး လောကကောင်းကျိုးပြုဘို့ပါ။ ကောင်းဘို့အတွက် လုပ်ရတာပါဆိုပြီး တင်းမာမှုတွေ၊ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေ၊ အရေးအခင်းတွေ၊ နောက်ဆုံးအဆင့်အဖြစ် စစ်ပွဲတွေဖြစ်ပွားမဲ့လမ်းကို လျှောက်ဘို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုမျိုးရွေးချယ်မှုဟာ အပြုထက်အဖျက်သဘောကို ဆောင်သွားတတ်လို့ပါ။ အထူးသဖြင့် ''ငါနှင့်မတူ ငါ့ရန်သူ'' သဘောထားကို အများကောင်းကျိုးအတွက်ပါ လို့ မျက်နှာဖုံးတပ်ပြီး လူထုကို သကာဖုံးထားတဲ့ ''အစိုးရဆန့်ကျင်ရေး'' ဆေးလုံးတိုက်ဆောင်ရွက်ရင် ပြည်တွင်းစစ်မီးအထိ တောက်လောင်သွားတတ်လို့ပါ။
မောင်လေးဒီလိုပြောရတာ အကြောင်းရှိပါတယ်။ မမစုနေအိမ်အကျယ်ချုပ်ကလွတ်ပြီးနောက် ပြောတဲ့ ပြောစကားအချို့တွေက လုပ်ပါတော့လား၊ ချပါတော့လား၊ သတ္တိမရှိဘူးလား၊ ကြောက်နေလား စသည်ဖြင့်နဲ့ ညာသံပေးနေသလိုဘဲ တိုက်ပွဲခေါ်နေသလိုဘဲ။ အနီးစပ်ဆုံး ဥပမာလေးကြည့်ရအောင်။
ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရန်ကုန်ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပတဲ့ ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့အခမ်းအနားမှာ မမစုဒီလိုပြောခဲ့ကြောင်း ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)ရဲ့ ညသတင်းမှာ ကြားလိုက်ရတယ်။
''သာမန်ကျန်းမာနေတဲ့လူတွေက လူ့အခွင့်အရေးအတွက် မလှုပ်ရှားရဲတာတောင်မှ ဝေဒနာရှင်တွေက လှုပ်ရှားရဲတယ်ဆိုပြီးတော့ ရှေ့ဆောင်လမ်းပြအနေနဲ့လုပ်သွားစေချင်တယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာလုပ်အားရှိတယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာသိက္ခာရှိတယ်။ ကိုယ်ကနေပြီး ဘယ်လို အခြေအနေဘဲရောက်နေနေ၊ ဘယ်လိုပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရပါစေ၊ ဘယ်လို ဒုက္ခတွေနဲ့ပဲ တွေ့နေရပါစေ၊ တခြားလူသားတွေအတွက် လုပ်ပေးနိုင်တဲ့အင်အားရှိတယ်ဆိုတာ ကျွန်မတို့ဝေဒရှင်တွေက ပြပေးစေချင်တယ်။ အလင်းရောင်ပေါ့နော်''တဲ့။
မမစု ပြောတာတွေက ယေဘုယျအားဖြင့်တော့ မှန်ပါတယ်။ ဝေဒနာရှင်ဖြစ်နေပါစေ၊ လူတိုင်းမှာ သိက္ခာရှိတယ်၊ လူတိုင်းမှာလုပ်အားရှိတယ်၊ ဘယ်လိုပြဿနာ၊ ဘယ်လိုဒုက္ခဘဲရှိရှိ တခြားလူသားတွေ အတွက် လုပ်ပေးနိုင်တဲ့အင်အားရှိတယ်၊ မှန်ပါတယ်ခင်ဗျာ။ ဒါပေမဲ့။
မမစုပေးနေတဲ့တာဝန်က လူ့အခွင့်အရေးလှုပ်ရှားဖို့တာဝန်၊ တာဝန်အပေးခံရသူတွေက HIV/AIDS ဝေဒနာရှင်တွေ။ ကြည့်လဲတွေးခေါ်ပါမမစုရယ်။ HIV/AIDS ဝေဒနာရှင်တွေအနေနဲ့ လူ့လောက ကောင်းကျိုးအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုနိုင်စေဘို့၊ မိမိအတွေ့အကြုံကို မျှဝေပေးပြီး ကြိုတင် ကာကွယ်နိုင်ဘို့ရာအပါအဝင် ပညာပေးရေးတာဝန်တွေပေးမယ်။ ဝေဒနာသည်ချင်း ရိုင်းပင်းကူညီ စောင့်ရှောက်မဲ့ ကုသရေးအထောက်အကူပြုတာဝန်တွေပေးမယ်။ ဝေဒနာခံစားရမှုအခြေအနေပေါ် မူတည်ပြီး လောကကောင်းကျိုးပြုလုပ်ငန်းတွေလုပ်ဘို့ တာဝန်ပေးမယ်ဆိုရင်တော့ထားပါတော့။ ခုတော့ လူ့အခွင့်အရေးလှုပ်ရှားဖို့တာဝန်တဲ့။ HIV/AIDS ဝေဒနာသည်တွေက လူ့အခွင့်အရေးဆိုင်ရာ ဘယ်လို လှုပ်ရှားပေးရမလဲ။ မောင်လေးတဲ့တိုးဘဲ မေးပါရစေ။ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အနေနဲ့ ဝေဒနာသည်တွေက လမ်းပေါ်ထွက်ဆန္ဒပြပေးဘို့လား။ တောင်ဒဂုံမြို့နယ်မှာ NLD က ဖွင့်ထားတဲ့ HIV/AIDS ဝေဒနာရှင် စောင့်ရှောက်ရေးဂေဟာမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်တွေနဲ့ပတ်သက်လို့ ဝေဒနာရှင်တွေ၊ ဂေဟာက တာဝန်ရှိသူတွေနဲ့အစိုးရတာဝန်ရှိသူတွေအကြား မတူကွဲပြားတဲ့အမြင်တွေ ဖြစ်ခဲ့ကြတာ ပူပူနွေးနွေးရှိသေးတော့ ဒီဝေဒနာသည်တွေကို သူရဲကောင်းအဖြစ် လမ်းပေါ်တွန်းတင်ပြီး အစပျိုးဦးဆောင်ဆန့်ကျင်ဆန္ဒပြ ပေးဘို့လား။
မမစုပြောတဲ့စကားကို မောင်လေးအကောင်းဘက်က တွေးကြည့်ပါတယ်။ အပေါ်မှာရေးခဲ့သလို ပေါ့၊ ပညာပေးရေးတာဝန်၊ ကုသရေးအထောက်အကူပြုတာဝန် စသည်ဖြင့်ပေါ့ ကောင်းတဲ့အတွေးအခေါ်နဲ့ ပေးတဲ့ ကောင်းကျိုးတာဝန်တွေ၊ ဒါဆိုထားပါတော့၊ ခုတော့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတာဝန်တဲ့၊ ဒီတော့ ဆန္ဒပြပေးဘို့လားလို့ မောင်လေးအတွေးရောက်သွားတာမလွန်ပါဘူးနော်။ ဒါမှမဟုတ် ပညာရှင်မမစုရဲ့စကားကို မောင်လေး လိုက်မမှီတာဘဲလား။ HIV/AIDS ဝေဒနာရှင်တွေက ဘယ်လို လူ့အခွင့်အရေး ဆိုင်ရာလှုပ်ရှားမှုတွေလုပ်ပေးရမလဲ မမစုရဲရဲပြောကြည့်ပါလား။ မောင်လေးတို့ဗဟုသုတ ရတာပေါ့။ မမစုက '' ရဲ '' သူပါ။ မရှင်းမရှင်းမပြောပါနဲ့။ သိပ်မကြာခင်တုန်းကလဲ ''ဒုတိယပင်လုံညီလာခံ'' (သမိုင်းအရ ဒုတိယပင်လုံညီလာခံ မဟုတ်တဲ့)ကိစ္စနဲ့ပတ်သက်ပြီး ''ပင်လုံစိတ်ဓာတ်'' တို့ ''ပြည်ထောင်စုစစ်စစ်'' တို့ဆိုတဲ့ ဝေါဟာရတွေကို မရှင်းမရှင်းသုံးပြီး လူထုကို ''ဆွ'' ပေးပြီးပြီ။ ခုလာပြန်ပြီ ''HIV/AIDS ဝေဒနာရှင်တွေက လူ့အခွင့်အရေး လှုပ်ရှားဘို့တာဝန်'' လုပ်စေချင်သတဲ့။ မမစုက ကမ္ဘာ့တွေးခေါ်ပညာရှင်ဆိုတော့ ကိုယ့်စကားကို နားလည်မှာဖြစ်ပေမဲ့ အချို့လူထုက ဆန့်ကျင်ဘက်တွေ လုပ်ဘို့ မမစုကအချက်ပေးတာလို့ မှတ်ယူသွားရင်ခက်ရချည်ရဲ့၊ အပြုသဘောမရောက်ဘဲ အဖျက် သဘောရောက်သွားမှာမို့ ကမ္ဘာ့မဟာ တွေးခေါ်ပညာရှင်ကြီး မမစု သတိလေးများထားပါဦး။
မမစုရေ- ဒီလိုဘဲရှေ့ဆက်ပြီး မရှင်းမရှင်းပြောနေလုပ်နေတော့မှာလား။ ဟိုတုန်းကလို ဒီမိုကရေစီ ခေါင်းစဉ်တပ်ပြီး ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ်ဖြစ်အောင် မရှင်းမရှင်း''ပြောရပ်''၊ မရှင်းမရှင်း''လုပ်ရပ်''တွေ အပါအဝင်ကို မလုပ်ဆောင်သင့်တော့ပါဘူး။ ဟိုရုတ်ရုတ် ဒီရုတ်ရုတ်ဖြစ်အောင် မလုပ်ဆောင်သင့်တော့ ပါဘူး။ ဆိုရိုးစကား တစ်ခုရှိတာ မမစုသိပါတယ်။ “If You Can’t Beat Them, Join Them '' တဲ့။ လက်တွဲလုပ်ဆောင်ကြည့်ပေါ့။ လက်မတွဲနိုင်ရင်လဲ အားမွေးပြီး ဒီမိုကရေစီနည်းလမ်းအရ မမစုဘက်က အနိုင်ရအောင်လုပ်ပေါ့။ Street Politic ကိုတော့ ယောင်လို့မှ မရွေးချယ်ပါနဲ့။ Street Politic ရဲ့ ဒုက္ခကို နီးနီးကပ်ကပ်တိုင်းပြည်တွေမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ် တွေကိုကြည့်ပြီး မြန်မာလူထုက ''ရွံကြောက်'' ကြီး ဖြစ်နေပါပြီ။
အော်ဒါနဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖောရိန်းပေါ်လစီမဂ္ဂဇင်းကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ မဟာတွေးခေါ်ပညာရှင်အယောက်(၁ဝဝ)စာရင်းမှာ တရုတ်နိုင်ငံမှအကျဉ်းကျနေတဲ့ ၂ဝ၁ဝ ပြည့်နှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်အဖြစ် ရွေးချယ်ခြင်းခံရတဲ့ Liu Xiaobo ကလဲ နံပါတ်(၁၆)နဲ့ ပါဝင်ခဲ့သတဲ့။ အစိုးရဆန့်ကျင်သူတွေ ကိုရွေးချယ်ပေးတတ်လို့ အငြင်းပွားမှု၊ အငေါ်တူးခံရမှုတွေနဲ့ ''လက်ပြန်ရိုက်ချက်'' ခံနေရတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုလိုဘဲ အစိုးရဆန့်ကျင်သူတွေကိုပါ ပုံကြီးချဲ့အမွှန်းတင်ပြီး ကမ္ဘာ့မဟာ တွေးခေါ်ပညာရှင် (ဘွဲ့အမည်ကတော့ ''ဖျား'' လောက်အောင် ''လန်း'' ပါတယ်) လို့ ရွေးချယ်ဖော်ပြ ပေးတဲ့ ဖောရိန်းပေါ်လစီမဂ္ဂဇင်းလဲ အနာဂတ်မှာ ''လက်ပြန်ရိုက်ချက်'' တွေခံရဦးမှာ အသေအချာဘဲလို့ မောင်လေး မြင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် မမစုရေ ကမ္ဘာ့မဟာတွေးခေါ်ပညာရှင်ဆိုတော့ အပ်နှင်းထားရာဘွဲ့နဲ့အညီ မှင်ကလေးနဲ့နေပါလား။ အကောင်းမြင်ဝါဒနဲ့ ကောင်းကျိုးပြုမဟာအတွေးအခေါ်တွေ တွေးခေါ်မြော်မြင် ကြံဆပြီး လူသားကောင်းကျိုး၊ လူထုကောင်းကျိုးဆောင်ပါလား၊ ဒေါသတွေငယ်ထိပ်ရောက်နေရင်လဲ မရှင်းမရှင်းဒဿနတွေနဲ့ တိုက်ပွဲခေါ်မနေဘဲ ''ငါ့ရှိသွေးကား၊ စွေးစွေးနီ၏၊ သင်သည်ကြည်လှဲ့၊ မြင်လှဲ့ကုန် ''ဆိုပြီး ကိုယ့်အကြံအစည်ကို ကိုယ်တိုင်ဘဲအကောင်အထည်ဖော်ပါလား။ သူတစ်ပါးတွေကို တပ်လှန့်နေမဲ့အစား ဘာဘဲလုပ်လုပ် ကိုယ်တိုင်ခေါင်းဆောင်ပြီး ရှေ့ကရပ်ပြ၊ ဦးဆောင်ပြပါလား။ ဒါမှခေါင်းဆောင်ပီသမှာပါ။ မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးရဘို့အတွက် တိုင်းတစ်ပါးက အကူအညီ တောင်းဘို့၊ တိုင်းတစ်ပါးကို အင်္ဂလိပ်အစိုးရမသိအောင် လျှို့ဝှက် သွားပြီး အဆက်အသွယ်ရှာဘို့မှာ ကမ္ဘာ့စစ်မီးကြီးတောက်လောင်နေတဲ့ကာလဖြစ်တော့ အလွန်အန္တရာယ်များ တဲ့ စွန့်စားမှုကြီးဖြစ်ခဲ့ကြောင်း၊ ရလာဒ်ကလဲမသေချာ၊ ဘယ်သူမှမသွားရင် အကြံအစည်အောင်ဘို့လမ်းမမြင်တာကြောင့် အစီအစဉ်ကို ဦးဆောင်တင်ပြခဲ့တဲ့ သခင်အောင်ဆန်းကိုယ်တိုင် သခင်လှမြိုင်တို့နဲ့အတူ သမိုင်းဝင် အမွိုင် လျှို့ဝှက် ခရီးစဉ်ထွက်ခဲ့သတဲ့၊ အဲဒီအစီအစဉ်က သခင်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်အဆင့် ရောက်ရှိ သွားစေဘို့ အစပျိုးပေးခဲ့ကြောင်းတွေ့ရှိရသတဲ့။
ကဲ ...မမစု ဘယ်လမ်းကိုရွေးမလဲ။
ကမ္ဘာ့မဟာတွေးခေါ်ပညာရှင်ပီသပါစေ မမစုခင်ဗျား။

မောင်လေး- ဦးဗဟုသုတ
၎-၁၂-၂ဝ၁ဝ